ရုံးအဆောက်အဦများတွင် စွမ်းအင်စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၌ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) တွင် ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန(၂၈) ခုမှ ကိုယ်စားလှယ်စုစုပေါင်း (၇၃) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဦးရင်မောင်ညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်မှ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်းကိစ္စရပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ရုံးအဆောက်အဦများတွင် စွမ်းအင်သုံးစွဲမှုလျော့ကျရေးစေရေးအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် အကောင်အထည်ဖော်မှုလုပ်ငန်းအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးပြီးနောက် ဝန်ကြီးဌာနများရှိ ရုံးအဆောက်အဦများ၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်အတွက် ဝန်ကြီးဌာနများသို့ သွားရောက်၍ စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း (In house training) များ ပို့ချပေးခြင်းနှင့် စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်းလုပ်ငန်း (Energy Audit) များဆောင်ရွက်ခြင်းတို့အား စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ပံ့ပို့ပေးနိုင်ကြောင်းဆွေးနွေးရာ တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။