ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

သမိုင်းအကျဉ်း


စက်မှုဝန်ကြီးဌာနသည် ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံဒေသတွင်းဆိုင်ရာ  စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ  စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများကို မြန်မာနိုင်ငံ၌ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) အရ စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာနအောက်တွင်  စွမ်းအင်အသုံးချမှုဆိုင်ရာ ဌာနခွဲ အမည်ဖြင့် ဖွဲ့စည်းပုံအင်အား (၂၅) နေရာ၊  ခန့်အပ်အင်အား အရာထမ်း (၁၀) ဦး၊ အမှုထမ်း (၁၀) ဦး ဖြင့် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅) အရ ဝန်ကြီးဌာနအား ပြင်ဆင်ဖွဲ့စည်းရာတွင် စက်မှုညွှန်ကြားရေးဦးစီးဌာနအား စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန အမည်အဖြစ်လည်းကောင်း၊ စွမ်းအင်အသုံးချမှုဌာနခွဲအား စွမ်းအင်ခြိုးခြံချွေတာရေးဌာနအဖြစ် လည်းကောင်း အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

စွမ်းအင်ခြိုးခြံချွေတာရေးဌာနသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Energy Efficiency Focal ဌာနတစ်ခုအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးအဆောက်အဦများနှင့် ရုံးအဆောက်အဦများတွင် Energy Audit လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများအတွက် စွမ်းအင်စွမ်းဆောင်ရည် စံသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းစနစ် အကောင်အထည်ဖော်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍအပါအဝင် ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးဆိုင်ရာ သင်တန်းများပို့ချခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။