မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင် ရေး ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် Virtual စနစ်ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် စီမံကိန်း ဆောင်ရွက်မှုအခြေအနေများ၊ စီမံကိန်း၏ အကျိုးရလဒ်များ၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ညွှန်ကြားရေးမှူးက စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ တွင် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး နည်းလမ်းများနှင့် သန့်ရှင်းသော ထုတ်လုပ်မှု နည်းလမ်းများ၊ ကျွမ်းကျင်ပညာရှင်မှ စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်စီမံခန့်ခွဲမှုနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး နည်းပညာများ စသည်တို့ကို အသီးသီး ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ကျွမ်းကျင်းပညာရှင်များမှ အကြံပြု ဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းလမ်းများကို လက်တွေ့အသုံးချနိုင်ရေး ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ စကားဝိုင်း ဆွေးနွေးခြင်း (Panel Discussion) ကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များ၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် စားသောက်ကုန်လုပ်ငန်းရှင် (၂) ဦးနှင့် ကျွမ်းကျင်ပညာရှင် အပါအဝင် စုစုပေါင်း (၅) ဦး နှင့် စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်၍ ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအားလုံးပါဝင်သည့် “စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အသုံးချမည်” ခေါင်းစဉ်ဖြင့် အုပ်စုအဖွဲ့ငယ်ဖွဲ့၍ ဆွေးနွေးခြင်းအစီအစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။
ဆွေးနွေးပွဲတွင် နှစ်လမ်းသွား သင်ယူမှုနည်းလမ်း (Two- way learning method)ဖြင့် ဆောင်ရွက်ခဲ့ရာ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာနိုင်ပြီး တက်ရောက်လာကြသည့် စားသောလုပ်ငန်းရှင်များအနေဖြင့် စက်ရုံအလုပ်ရုံ၌ လက်တွေ့တွင် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများအား စိတ်အားထက်သန်စွာဖြင့် မေးမြန်းဆွေးနွေးခဲ့ရာ ပညာရှင်များမှ ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလည်း ပြန်လည်ဖြေကြားပေးခြင်းဖြင့် အကျိုးရှိသည့် ဆွေးနွေးပွဲ ဖြစ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။