မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
ဆွေးနွေးပွဲအခမ်းအနား၌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကား ပြောကြားရာတွင် စီမံကိန်းအောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်း၏ အကောင်အထည်ဖော်မှု အသေးစိတ် အချက်အလက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကျွမ်းကျင်ပညာရှင်မှ မြန်မာ့စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲမှုနှင့်ပတ်သက်၍ အဓိက တွေ့ရှိချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ကိုယ်စားလှယ်မှ စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ရလဒ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကိုယ်စားလှယ်မှ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းများတွင် ပြန်ပြည့်မြဲစွမ်းအင်အသုံးချနိုင်ရေး နည်းပညာများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၏ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြပြီး ကျွမ်းကျင်သူများမှ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခြင်းများ ပြုလုပ်၍ အခမ်းအနားအား (၁၇:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။