မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင် ရေး ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် Virtual စနစ်ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် စီမံကိန်းဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ညွှန်ကြားရေးမှူးက စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်နေမှု၊ ကျွမ်းကျင်ပညာရှင်မှ စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲမှုနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် အသုံးပြုနေသည့် အလေ့အကျင့်ကောင်းများ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကိုယ်စားလှယ်မှ စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားလှယ်မှ စားသောက်ကုန်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချနိုင်ရေး အစီအမံများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ကိုယ်စားလှယ်မှ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတို့ကို အသီးသီးရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကျွမ်းကျင်သူများမှ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းလမ်းများကို လက်တွေ့အသုံးချနိုင်ရေး ဆွေးနွေးခြင်းများ ဆောင်ရွက်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။