ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

"စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်း" အား မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားနှင့် အသိပညာပေးမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

Posted at 24-02-2024

စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်းအား မိတ်ဆက်ခြင်းအခမ်းအနား (Launching Ceremony) နှင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင်  နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စားသောက်ကုန်လုပ်ငန်းများမှ လုပ်ငန်းရှင်များ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပါသည်။

အဆိုပါ စီမံကိန်းသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ဖြင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စွမ်းအင်ခြိုးခြံ ချွေတာရေးဌာနမှ  အကောင်အထည်ဖော်သည့် (၂) နှစ်ကြာ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းသည် အဓိကအားဖြင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ စက်ရုံများတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းမှတစ်ဆင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။

စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ စက်ရုံများတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်  ရရှိသည့်အကျိုးကျေးဇူးများနှင့် စီမံကိန်းဆောင်ရွက်ရသည့်အကြောင်းအရင်းများအားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်က Video Clip ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အခြေအနေများ၊  စီမံကိန်းအား ဆောင်ရွက်ခြင်းဖြင့် စွမ်းအင် သုံးစွဲမှုသက်သာပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသည့် ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့်ထုတ်ကုန်များ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများသည် တစ်ပြိုင်နက် ဖွံ့ဖြိုးတိုးတက်မှုလာနိုင်သည့် အခြေအနေများကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)၏ ကိုယ်စားလှယ်မှ မဲခေါင်-လန်ချန်း Project များမှာ (၈) နှစ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများမှ အောင်မြင်မှုများနှင့် အကျိုးကျေးဇူးများအားလည်းကောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲဆိုင်ရာ မူဝါဒအကြောင်းအရာများအား လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးမှ စီမံကိန်းအကြောင်းအရာများအားလည်းကောင်း၊   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုယ်စားလှယ်မှ စားသောက်ကုန်လုပ်ငန်းကဏ္ဍရှိ ပြန်ပြည့်မြဲစွမ်းအင်အကြောင်းအရာများအားလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ကိုယ်စားလှယ်မှ အစားအစာထုတ်လုပ်သည့် SME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အဖွဲ့ဝင်တို့မှ စားသောက်ကုန်လုပ်ငန်းရှိ စွမ်းအင်စီမံခန့်ခွဲမှုနည်းစနစ်များရရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း အစရှိသည်တို့ကို အသီးသီး ရှင်းလင်း ဆွေးနွေးကြပြီး စီမံကိန်းတွင် ပူး‌ပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း၍ ကျွမ်းကျင်သူများမှ အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားနှင့် အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲကို  (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။