ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

Energy Efficiency and Conservation Website အား မိတ်ဆက်ရှင်းလင်းသည့် Launching Ceremony အခမ်းအနား ကျင်းပ

Posted at 17-11-2023

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာ ရေးဌာနသည် မြန်မာနိုင်ငံ၏ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဝက်ဆိုဒ် (Energy Efficiency and Conservation Website) တစ်ခုအား ရေးဆွဲပြီးဖြစ်ကြောင်း၊ အဆိုပါ Website တွင် စွမ်းအင်ခြိုးခြံချွေတာရေးဌာန၏လုပ်ငန်းဆိုင်ရာ အကြောင်းအရာများအပြင် အဓိကအားဖြင့် မြန်မာနိုင်ငံသို့ ထုတ်လုပ်/တင်သွင်းလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်း (၄) မျိုးဖြစ်သည့် Air Conditioner, Lighting, Refrigerator နှင့် Electric Motor တို့အတွက် စွမ်းအင်စွမ်းဆောင်ရည် (Energy Performance Standard) နှင့်စွမ်းအင်အမှတ်တံဆိပ် (Energy Star Rating) သတ်မှတ်ချက်များ၊ မှတ်ပုံတင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များပါဝင်သော Online Product Registration system အား ထည့်သွင်းရေးဆွဲထားပါသည်။ အဆိုပါ Website ပါအကြောင်းအရာများနှင့် မှတ်ပုံတင်ခြင်းစနစ်တို့အား ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများအပါအဝင် အများပြည်သူများသို့ အသိပညာဖြန့်ဝေရန် ရည်ရွယ်၍ Launching Ceremony အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ၊ နေပြည်တော်၊ ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မြန်မာ နိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးက စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်း ရေး ဝက်(ဘ်)ဆိုဒ် နှင့် ထုတ်ကုန်များ၏ စွမ်းအင်စွမ်းဆောင်ရည် သတ်မှတ်မှုနှင့် တံဆိပ်ကပ်နှိပ်ခြင်းစနစ် အကောင်အထည်ဖော်မှုများကို လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ထုတ်ကုန်များကို အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစနစ် အသုံးပြုပုံကိုလည်းကောင်း  အသီးသီးရှင်းလင်းဆွေးနွေး ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသူများက အထောက်အပံ့ပေးမည့်အစီအစဉ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် စံချိန်စံညွှန်းနှင့် တံဆိပ်ကပ်ခြင်းစနစ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများသည် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဝက်(ဘ်)ဆိုဒ် လွှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။