ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Posted at 04-07-2022

စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိချွေတာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ပြည်သူသို့ ပန်ကြားထားချက်နှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနအနေဖြင့် စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေးကဏ္ဍ၌ တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့် စီမံကိန်းပုံစံနှင့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အကျိုးရှိထိရောက် စွာသုံးစွဲရေးလုပ်ငန်းများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ယခင်စွမ်းအင်ဝန်ကြီးဌာန) နှင့် ၂၀၀၀ ပြည့်နှစ်မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ (၉.၁.၂၀၁၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေးကော်မတီ၏ဦးဆောင်မှုအောက်တွင် ကဏ္ဍ (၇) ခုရှိသည့်အနက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးကဏ္ဍကိုစက်မှုဝန်ကြီးဌာနမှ တာဝန်ခံအဖြစ် စတင် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်နိုင် ရန်ရည်ရွယ်၍ စွမ်းအင်ခြိုးခြံချွေတာရေးဌာနကို ၂၀၁၄ ခုနှစ်၊ ဧပြီလ၌စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊  အမျိုးသားစွမ်းအင်အကျိုးရှိထိ ရောက်စွာသုံးစွဲရေးမူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မူဝါဒ၊ ရည်မှန်းချက်များအနေနှင့် ၂၀၁၂ ခုနှစ်စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၂၀ % ကို လျှော့ချရန် ရည်မှန်းထားပါကြောင်း၊ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စက်မှုကဏ္ဍတွင် စက်ရုံအလုပ်ရုံများ၊ အဆောက်အဦ ကဏ္ဍတွင် စီးပွားရေး အဆောက်အဦများနှင့် နိုင်ငံပိုင်အဆောက်အဦများ၊ စွမ်းအင်အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းအင်စွမ်းဆောင်ရည်သတ်မှတ်ရေးကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ အဓိထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများသည် စွမ်းအင်သုံးစွဲမှုအလေအလွင့်များကို လျှော့ချနိုင်စေခြင်းဖြင့် စွမ်းအင်ကုန်ကျစရိတ်ကို သက်သာလျော့ကျနိုင်စေပြီး အကျိုးဆက်အနေနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း လျော့ကျစေသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက်ရှိသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (SDG 7.3) ၌ ကမ္ဘာ့စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးမြှင့်ရမည်ဟု ရည်မှန်းထားသဖြင့် နိုင်ငံတိုင်းလိုက်ပါဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို မဖြစ်မနေချွေတာသုံးစွဲနိုင်ရန်အတွက် အရေးကြီးသည့်အခြေအနေဖြစ်လာ၍ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ထိရောက်မှုရှိအောင်အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှလည်း စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးရန်နှင့်  ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုဝန်ကြီးဌာနတွင်လည်း  LED  ၊ ဆိုလာ Panel များ ထုတ်လုပ်လျက်ရှိသဖြင့် လိုအပ်သောပံ့ပိုးမှုများနှင့် အကြံဉာဏ်များ ပေးစေလိုကြောင်း ပြောကြားသည်။
       ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စီးပွားဖြစ်နှင့် အိမ်သုံးတို့တွင် အသုံးပြုနေသည့် စွမ်းအင်သုံးစွဲမှုများကို လည်းကောင်း၊ အာဆီယံနှင့် အာဆီယံမိတ်ဖက်အဖွဲ့အစည်းများတွင် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ စက်မှုဝန်ကြီးဌာနမှ အာဆီယံ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ကဏ္ဍခွဲကွန်ယက်တွင် Focal အဖြစ် ဆောင်ရွက်နေမှုများ စသည့် စွမ်းအင်ကဏ္ဍတွင်  ဆောင်ရွက်လျက်ရှိသည့်အခြေအနေအား ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စွမ်းအင်ခြိုးခြံချွေတာရေးဌာန ညွှန်ကြားရေးမှူးတို့က  စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို အသီးသီး ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။